2/15/11

ပါရမီ-ဟူသည်


           ပါရမီဟူသည် သံသရာတည်းဟူသော ဤဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုဘက်ကမ်းသို့ ရောက်စေ နိုင်သည့် ဒါန သီလ စသည့် ကုသိုလ်တရားများကို ခေါ်ဆိုခြင်းဖြစ်ပေသည်။ ဤစကားအရ သံသရာဝဋ် ဆင်းရဲတည်းဟူသော ဤဘက်ကမ်းဖြစ်သည့် လူ၊ နတ်ချမ်းသာကို လိုချင်တောင့်တ၍ ပြုအပ်သော ဒါန၊ သီလစသော ကုသိုလ်တရားများ ကို ပါရမီ ဟု မခေါ်နိုင်ကြောင်းမှတ်ယူရာ၏။ ထိုပါရမီနှင့်ပါတ်သက်၍ ကျမ်းဂန် အဆိုနှစ်ရပ်ရှိ၏။

          (၁) စရိယပိဋက အဌကထာ အရ ဝေနေယျသတ္တ၀ါအပေါင်းကို သနားသော ကရုဏာနှင့် သဗ္ဗညုတညဏ်ကိုရခြင်း၏ အကြောင်း၌ တတ်သိလိမ္မာသော ညဏ်ပညာကို အခြေခံကာ ၊ ဘုရားအလောင်း တော်ကြိးများ ဖြည့်ကျင့်ဆည်းပူးအပ်သော ဒါန သီလ စသော ကုသိုလ်တရားများကိုသာ ပါရမီအစစ်ဖြစ်၏ဟု မှတ်ယူရာ၏။
      (၂)ဇိနာလင်္ကာရဋီကာအရ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝကဗောဓိ ဟူသော ဗောဓိသုံးမျိုးအနက် တစ်ခုခုကို ဆုတောင်း၍ မဂ်ညဏ်၊ ဖိုလ်ညဏ်၊ နိဗ္ဗာန်ကိုသာ ရည်မှန်း၍ ဖြည့်ကျင့် ဆည်းပူးအပ်သော ဒါန၊ သီလစသည့် ကုသိုလ်တရားမှန်သမျှကို ပါရမီဟု ဆိုနိုင်ကြောင်း သာမညအားဖြင့် ဖွင့်ဆို ၏။

      ထိုစကားနှစ်ရပ်တွင် ပထမစကားအရ၊ တဏှာ(ဘ၀ချမ်းသာကို တပ်မက်မှု)၊ မာန(ငါ၏ကုသိုလ်ဟု ထောင်လွှား မှု) ဒိဌိ(အတ္တ-အယူရှိမှု) တို့ဖြင့်လည်း မပြုအပ်သော ဗောဓိဆုသုံးမျိုးတွင် သမ္မသမ္ဗောဓိ ရရှိရေး အတွက် ဆုတောင်းပြီး မဟာကရုဏာ နှင့် ဥပါယကောသလ္လညဏ်တို့ကို အခြေခံထားပြီး၊ ဘုရားအလောင်း တော်များ ဖြည့်ကျင့် ဆည်းပူးအပ်သော ဒါနမှု၊ သီလမှု စသည်များကိုသာ ပါရမီ အစစ်ဖြစ်သည်ဟု မှတ်ယူရာ၏။

        မဟာကရုဏာ။ ။ သဗ္ဗညုဘုရားဆုပန်သော ဘုရားအလောင်းတော်ဖြစ်လိုသူ အမျိုးကောင်းသားသည် ရှိသမျှ ဝေနေယျ သတ္တ၀ါအားလုံးတို့အပေါ်၌ ရင်မှဖြစ်သော သားသမီးရင်းများကဲ့သို့ ကြင်နာသနားခြင်း၊ ပြင်းထန်စွာ ဖြစ်ပေါ်စေနိုင်ရသည်။ မိတ်ဆွေ၊ ရန်သူဟူ၍ မခွဲခြားဘဲ၊ ရှိသမျှ သတ္တ၀ါအပေါင်းကို “ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေ၀မီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး” ဟူသော မီးဆယ့်တစ်ပါး တို့ဖြင့် အမြဲမပြတ်တောက်လောင်ခံနေကြရသည့် သံသရာဒုက္ခိတ သတ္တ၀ါတွေ အဖြစ် ဆင်ခြင်စဉ်းစား၍ သနားခြင်း ပျင်းစွာဖြစ်ရာ၏။ ကိုယ့်အသက်ကိုပင်မငဲ့ကွက်ပဲ၊ သတ္တ၀ါတွေကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်လိုသော ကရုဏာတရားကြီးစွာ ထားနိုင်ရာ၏။ ယင်းသို့သော ကရုဏာမျိုးကို ပါရမီတော်တို့၏ အခြေခံ မဟာကရုဏာဟု ခေါ်ဆိုသည်။ အလောင်းတော် သုမေဓာရှင်ရသေ့မှာ ဒီပင်္ကရာ ဘုရားရှင်၏ သာသနာ၌ပင် အလိုရှိက ကျွတ်တမ်းဝင်နိုင်သည့် အကြောင်းကံ နှင့်ပြည့်စုံပြီးဖြစ်ပါသော်လည်း ဤမဟာကရုဏာ ဓါတ်ကိန်းဝပ် သူ ဖြစ်သဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် သံသရာဝဋ်ဆင်းရဲ၌ အဆင်းရဲ အပင်းပန်းခံကာ သတ္တ ၀ါတို့ကို ကယ်တင်နိုင်ရန်အတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ရသည်။ ထိုဘုရားအလောင်းတော် ယောက်ျားမျိုးကို မဟာပုရိသ(ယောက်ျားမြတ်-အာဇာနည်) ဟုခေါ်၏။

      ဥပါယကောသလ္လညဏ် ။ ။သမ္မာသမ္ဗောဓိ ဆုပန် ဘုရားအလောင်းတော်ဖြစ်လိုသော အမျိုးကောင်းသားသည် မိမိပြုအပ်သော ဒါနမှု ၊သီလမှုစသည်တို့အတွက် သဗ္ဗညုတညဏ်တည်းဟူသော အကျိုးတစ်ခုတည်းကိုသာ ရဘို့ရန် ရည်သန်တောင့်တမှုပြုရသည်။ သံသရာဝဋ်ဆင်းရဲ၌ အကျုံးဝင်သည့် လူချမ်းသာ၊ နတ်ချမ်းသာတို့ကို မတောင့်တရ၊ ထိုသို့ မိမိပြုအပ်သော ကောင်းမှုတို့အတွက် သဗ္ဗညုတညဏ်တစ်ခုတည်းကိုသာ ရဘို့ရန် ရည်သန် တောင့်တ ဆုတောင်းမှုပြုခြင်း၌ ကျွမ်းကျင်လိမ္မာသိမြင်သော ညဏ်ပညာကို ဥပါယကောသလ္လညဏ် ဟူ၍ ခေါ်ဆိုသည်။ ထိုညဏ်ကြောင့်ပင် ဘုရားဖြစ်အောင် ပြုကျင့်ခြင်း၌ လိုအပ်သော ဒါန စသည့် ပါရမီတော် ဆယ်ပါး တို့ကို ကိုယ်ပိုင်ညဏ်ဖြင့် သိမြင်ရသည်ချည်းဖြစ်သည်။