2/9/11


စာရေးသူသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)တွင် မဟာဘွဲ့ရသည်အထိ ပညာသင် ကြားခဲ့သည်။ မဟာဘွဲ့ယူစာတမ်းက ပါဠိမေဂျာဖြစ်သည့်ဓာတွတ္ထသင်္ဂဟကျမ်းလာဓာတ်များကို လေ့လာခြင်း (ပ-မှ တ-ဝဂ်အထိ)ဖြစ်ရာ ဆရာကြီးဦးမြင့်ဆွေကမိမိ၏ကျမ်းကြီးကြပ်သူတစ်ဦးဖြစ်သည်။

သူသည်ပါဠိဘာသာများသာမက ပါဠိနှင့်ဆက်စပ်နေသည့် သက္ကတဘာသာများနှင့် ပြာကတဘာသာတို့ကို ပါပိုင်နိုင်စွာတတ်ကျွှမ်း လှသဖြင့်မြန်မာနိုင်ငံတွင်တက္ကသိုလ်ကျောင်းသားများလောက၌လည်းကောင်း၊ စာပေ ပညာရှင် လောက၌လည်းကောင်း၊ သံဃာ့လောကတစ်ခုလုံးကပါ သာသနာ့သမိုင်းတွင်လည်း မော်ကွန်းတင် ထိုက်သည့် ရှာမှရှားသည့်ပါဠိပညာရှင်တစ်ဦးလည်းဖြစ်သည်။ သူသည်စာအုပ်ပေါင်း(၆၀) ကျော်လည်း ရေးသား ခဲ့သဖြင့် နိုင်ငံတော်သံဃာ့ မဟာနာယကဆရာတော် ဗန်းမော်ဆရာတော်ဘုရားကြီးကပင် “ကိုမြင့်ဆွေ.. ခင်ဗျား..အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့ လျှောက်ပါလား” ဟူ၍ပင်ချီးမြှောက်လေ့ရှိတတ်သည်။ (မှတ်ချက်။ ရှေးက လူပုဂ္ဂိုလ်ပညာရှိများဖြစ်ကြသည့် ဆရာကြီးဦးလင်း၊ဆရာကြီးဦးမောင်ကြီး တို့သည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရ ရှိခဲ့ဖူး ၏၊ယခုအခါတွင်မူ လူပုဂ္ဂိုလ် သာသနာပြု ပညာရှင်များကို နိုင်ငံတော်အစိုးရက သဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များပေးအပ်ပါသည်) ဆရာကြီးဦးမြင့်ဆွေကဲ့သို့ပင် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ် (မန္တလေး)တွင် လူပုဂ္ဂိုလ် သာသနာပြုများဖြစ်ကြသည့် ဆရာကြီးဦးဌေးအောင်၊ ဆရာကြီးဦးရွှေ (ကွယ်လွန်)၊ ဆရာကြီး ဦးသန့်ဇင်၊ ဆရာကြီးဦးဘဆန်း (ကွယ်လွန်)၊ ဆရာကြီးဦးအုန်းသော်၊ ဆရာကြီး ဦးအောင်သိန်း တို့သည်လည်း ဆရာကြီး ဦးမြင့်ဆွေကဲ့သို့ပင်ဆိုင်ရာစာပေများတွင် တော်ကြပါသည်။ သူတို့၏ကျေးဇူးကြောင့် သံဃာတော်များ ပညာ့အလင်းရောင်များလင်းလက်ခဲ့ရ၏။ကျေးဇူးကြီးမားပါပေစွ။

ထိုဆရာကြီးများထဲတွင်ဆရာကြီးဦးမြင့်ဆွေကတော့တစ်မူထူးခြားသည်ဟုဆိုနိုင်သည်။ သူသည်ထမ်း ဆောင် ဆဲ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များတွင်လိုအပ်သည့်အချက်များကိုဖြည့်ဆည်းပေး ချင်ပုံရသည်။ သာသနာ့တက္ကသိုလ်ကချမှတ်ထားသည့်စည်းကမ်းအချို့က ကျောင်းတက်မည့်ရဟန်းတော်သည် ပထမကြီး အောင်ရ ခြင်း၊ ၁၀-ဝါမကျော်ရခြင်း၊ဝင်ခွင့်ဖြေရခြင်းစသည့်အချက်များပါဝင်နေ၏။ အကြောင်း အမျိုးမျိုးကြောင့် ကျောင်း တက် ခွင့်၊ တက္ကသိုလ် ပညာသင်ကြားခွင့် မရရှိကြသည့်ရဟန်းတော်များမှာ (၇၀) သို့မဟုတ် (၈၀) ရာ ခိုင်နှုန်းခန့်ရှိနေသည့်အတွက် ဆရာကြီးနေထိုင်ရာ မန္တလေးမြို့၌(၁၉၉၄) နှစ်တွင် ဗုဒ္ဓတက္ကသိုလ် ကိုဖွင့်လစ်ခဲ့ရာ ယခုအခါတွင် ၁၄-နှစ်ကျော် ၁၅-နှစ်ထဲသို့ပင် ဝင်ရောက်လာခဲ့ပြီတည်း။ သူတည်ထောင်သည့် တက္ကသိုလ် ၌လည်း ကိုယ်တိုင်ပင် အပင်ပန်းခံ စာပေအမွေပေးပြန်သဖြင့် တက္ကသိုလ်နှစ်ခု၏ တာဝန်များပါ ယူရသဖြင့် ဆရာကြီး၏ဇွဲလုံးလအတွက်ချီးကျူးထိုက်ပါသည်။ ယခုမူဆရာကြီးလည်း အသက် အရွယ်ထောက်လာပြီဖြစ် သဖြင့်သူ၏ တက္ကသိုလ်မှအမ်အေ (Indo-Aryan)ဘွဲ့ရ တပည့်များက ဆက်လက်၍ လက်ဆင့်ကမ်းသာသနာပြု တာဝန်များထမ်းဆောင်လာရာ မြန်မာနိုင်ငံတော်၏ တက္ကသိုလ်များတွင် နာမည်တစ်ခုရလာခဲ့ပေသည်။ (မူလက Buddhist Academy ဟုအမည်ပေးထားခဲ့သော်လည်းနောင်တွင် အောင်မြင်ကျော်ကြားသည်ဖြစ်၍ Buddhist University ဟု ပြောင်းလဲကင်ပွန်းတတ်လိုက်သည်။)

မန္တလေးတွင်သာသနာပြုနေရာမှအားရတင်းတိမ်မှုမရှိသေး၊ရန်ကုန်မြို့တွင်လည်းနောက်ထပ်ဗုဒ္ဓတက္ကသိုလ်တစ်ခုတည်ထောင်ချင်လာသည်။မန္တလေးတွင် ၈၃-လမ်း၊ ၃၂-၃၃- ကြားရှိ ဆူးခါးကျောင်းတိုက်၌ ကျောင်း ဖွင့်လစ်ထားသကဲ့သို့ ရန်ကုန်တွင် လည်းမည်သည့်နေရာ၌ဖွင့်လစ်ရမည်-ဟူသောအဖြေကိုရှာရန် ရှာပုံတော် ဖွင့်ခဲ့ရသည်။သို့ဖြစ်၍ရန်ကုန်ရောက်တပည့်များအားနေရာရှာပေးဖို့တိုက်တွန်းလာသည်။ထိုတွင် ရန်ကုန်မြို့ ပေါ် သို့ သင်တန်း ဖွင့်လစ်ခွင့်ပေးရန်ကျောင်းရှာရသည်မှာတရုပ်ပြည်မှာအပ်ပျောက်ရှာပုံတော်ဖွင့်ရထက်ပင် ပိုခက် နေပေသည်။အချို့ကျောင်းများကသူတို့ကျောင်းတိုက်အပေါ်ထိခိုက်မည်စိုးခြင်း၊အချို့ကကျောင်းတိုက်ကပညာရေးနယ်ပယ်အကြောင်းတိတိကျကျနားမလည်သဖြင့်ငြင်းပယ်လိုက်ခြင်း၊အချို့ကျောင်းတိုက်တွေက လူသား ပုဂ္ဂိုလ် က သာသနာပြုရန်သင်တန်းဖွင့်ပါရစေ ဆိုသည့်စကားကိုသဘောမကျခြင်းစသည်တို့နှင့်ကြုံတွေ့ရ သည်။ ဤ သည်မှာဆရာကြီးတည်ထောင်သည့်တက္ကသိုလ်၏အများနှင့်မတူတစ်မူထူးခြားသည့် အချက်ပင်။ နိုင်ငံတကာ ကျောင်းများတွင်တက္ကသိုလ်အသစ်တည်ထောင်သည်ဖြစ်စေ၊အကယ်ဒမီကျောင်းတစ်ကျောင်းဖွင့်လစ်ရန်ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုတည်ထောင်သည်ဖြစ်စေ၊ မိမိတို့တည်ထောင်မည့်ကျောင်းအတွက် Fun ငွေဖြစ်စေ၊ အထောက် အပန့်ဖြစ်စေရှိရပေမည်ဟုဖတ်ဖူးထား၏။ ဆရာကြီးကတော့ ပညာပေးချင်သည့် စိတ်ဓာတ်တစ်ခု သာလျှင်ရှိ၏။ ချမ်းသာ၏။ Fun ငွေမရှိ၊ မည်သည့်ပုဂ္ဂိုလ်တို့၏အထောက်အပန့်တစ်စုံတစ်ရာမရရှိပါပဲ တက္ကသိုလ်တည်ထောင်ရဲသည်မှာ ဆရာကြီး၏ သာသနာတော် အပေါ်ထားသည့် မေတ္တာတရားမှာ ကြီးမား နေကြောင်း ထင်ရှားနေပါသည်။ရှေးဆရာတော်ကြီးများသည်လည်း တပည့်များအား ရောက်လေရာရာ အရပ်၌ လည်းကောင်း၊ သစ်ပင်အရိပ် ရေကောင်း သည့်နေရာတို့၌ စာဝါချသွားပုံကို ဆရာကြီးက အတုယူ နေဖွယ်ရှိသည်။ ဆရာကြီး ကတော့ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းနှင့် ဓမ္မာရုံတို့သည်သူ၏ စာသင်ကြားပေးရာ ဌာန တစ်နည်းအားဖြင့် အဆောက်အဦးတစ်ခုရလျှင်ပင် စာသင်ကြားပေးမှုရ၏ ဟုသဘောထားလေ့ရှိသည်။ မန္တလေးတွင်လည်းဥဂ္ဂါဇီဝဓမ္မာရုံမှသည် မြိုလည်ဆူးခါး ကျောင်းတိုက်ဆီသို့ပင် ခရီးဆက်ခဲ့သည် မဟုတ်ပါလား။
မြန်မာနိုင်ငံရှိ အချို့သော ဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းကြီးတွေ ဟီးနေအောင်ဆောက်ထား စေကာမူ ရဟန်းမရှိ၊ကိုရင် ကျောင်းသားမရှိ၊ စာသံပေသံ ဆိတ်ငြိမ်လှနေသည်မှာ ဝမ်းနည်းစရာကောင်း နေပေသည်။ တစ်နည်းအားဖြင့် ပရိယတ်ပဋိပတ် အလွတ်ဖြစ်နေသည်သာမက လောကီကိစ္စတွေဘက်သို့သာ အလေးသာ နေသည့်နေရာအချို့ကိုလည်းတွေ့နေရသည်။ ဤသည်မှာ လည်းဘာသာရေး အတွက်လိုအပ်ချက်တစ်ခုပင် တည်း။

ဤသို့ဖြစ်ရသည်မှာကျောင်းတိုက်၏အကြီးအကဲကိုယ်တိုင်ကစာပေလိုက်စားမှုနည်းပါးခြင်း၊အသိအမြင်ကျယ်ပြန့်မှုအားနည်းချက်များကြောင့်တည်း။ဆရာကြီးကမကြာခဏပြောပြလေ့ရှိသည့်စကားတစ်ခုမှာ “ကျောင်းတိုက် ကြီးတွေမှာစာတတ်ပေတတ်အားနည်းသွားခြင်းသည်ပညာတတ်ကျွှမ်းသည့်ရဟန်းတော်များအားမမွေးမြူနိုင်ခြင်း၊မွေးမြူထားစေကာမူအကြောင်းအမျိုးမျိုးကြောင့်မိခင်ကျောင်းတိုက်မှထွက်သွားခြင်း၊စုပေါင်းလုပ်ဆောင်ရမည့်စည်းလုံးညီညွတ်မှုအားနည်းခြင်း၊စာမတတ်သည့်ရဟန်းတော်အချို့ကအခြားသောကျောင်းတိုက်များသို့ပြောင်းနိုင်လောက်သည့်အရည်အချင်းမရှိသဖြင့်ကျောင်းထိုင်ဆရာတော်များကမိမိအားပြုစုသည့်ထိုရဟန်း
တော်ကိုပင်ကျောင်းတိုက်ကြီးအားလွဲအပ်ခဲ့ခြင်း၊ဆရာတော်နှင့်ဆွေမျိုးတော်စပ်သဖြင့်ကျောင်းတိုက်ကြီးအားလွှဲအပ်ခဲ့ခြင်းစသည်တို့ကြောင့် လက်ရှိကျောင်းတိုက်များဝယ်သာသနာပြုအရည်အချင်းနည်းပါးသည့် ကိုယ်တော် များ မှာကျောင်း ထိုင်ဘုန်းကြီးဖြစ်ရသည်”ဟုမှတ်ချက်ချလေ့ရှိသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏သံဃာ့ အဖွဲ့အစည်းအကြောင်းကိုတင်ပြချင်ပါသည်။ထိုင်းသံဃာ့နာယကကျောင်းတိုက်ကြီးအားအမွေဆက်ခံသည့်ကျောင်းထိုင်အသစ်သည်ထိုင်းနိုင်ငံ၌ကျင်းပထားသည့်ပါဠိစာပေတန်းများတွင် (၉) ဆင့်အောင် မြင်ရခြင်း၊ ထိုအရည်အချင်းများ နှင့်ပြည့်ဝ သူကိုသာ ကျောင်းတိုက်ကြီး အား လက်ရှိပုဂ္ဂိုလ် ကလွှဲ အပ်နိုင် ခြင်းနှင့်အကယ်၍ထိုအချက်အလက်များ မပြည့်စုံပါမူသက်ဆိုင်ရာသံဃာ့နာယကအဖွဲ့မှကျောင်းထိုင်အရည်အချင်းပြည့်ဝသည့်ပုဂ္ဂိုလ်အားကျောင်းထိုင်အဖြစ်တင်မြှောက်လေ့ရှိသဖြင့်ကျောင်းတိုက်အားပိုင်ဆိုင်မှုပြဿနာအပေါင်းမှလည်းကင်းဝေးစေပါသည်။ သို့ဖြစ်၍မိမိတို့နိုင်ငံမှာလည်းပရိယတ် ပဋိပတ် နှစ်ပါးပြည့်စုံသည့် ရဟန်းတော်များကို ကျောင်းထိုင်စေမည်ဆိုလျှင် သာသနာတော် နေလို လလိုတောက်ပ နေမည်သာတည်း။ ထိုသို့ဆိုလျှင် လွန်တော်မူသွားကြကုန်သော ဆရာတော်ကြီးများ၏ ခြေရာအတိုင်း လျှောက်လမ်းနိုင် ပါပေလိမ့်မည်။

ရန်ကုန်မြို့တွင်စာသင်ကျောင်းတိုက်ရှာပုံတော်ဖွင့်စဉ်က မိမိတို့လည်းဆရာကြီးသွားလိုသည့်နေရာတော်တော်များများ သို့အိတ်ဆွဲကာလိုက်ပါခဲ့ရသည်။နေရာမျိုးစုံရောက်ရသည်။အချိန်ပေါင်းမြောက်မြားစွာရင်းနှီးခဲ့ရ သည်။အခက်အခဲမျိုးစုံကြုံရသည်။အအော်အငေါက်ခံခဲ့ရသည်။မျက်နှာငယ်စွာဖြင့်ဆရာတပည့်တွေမမောနိုင်မပန်းနိုင်အောင်ခရီးဆက်ခဲ့ရသည်။တစ်နှစ်ကျော်ကျော်လောက်တော့ကြာသည်ထင့်။မိမိလည်းအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအင်္ဂလိပ်စာသင်တန်းပင်ပြီးခဲ့သည်။သို့သော်တက္ကသိုလ်အတွက်နေရာတစ်ခုအားမဖန်တီးနိုင်ခဲ့ချေ။မိမိလည်းလောကဓမ်တရားများနှင့်ကြုံတွေ့ရပြီးနောက်မဟာစည်သာသနာ့ရိပ်သာကြီးသို့တရားထိုင်ရန်ရောက်ရှိခဲ့သည်။ ရိပ်သာတွင်လေးလတိတိတရားထိုင်ခဲ့ရပြီးမိမိကိုယ်တိုင်ပင်ရိပ်သာဝန်ဆောင်ရဟန်းတော်တစ်ပါးပင်ဖြစ်နေခဲ့ရာတစ်နေ့တွင်ဆရာကြီးသည့်မိမိထံသို့စုံစမ်းရင်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက် ရှိလာလေသည်။ခရီးရောက်မဆိုက်ဆရာကြီးက “ဦးဇင်းတပည့်တော်ကျောင်းတည်ဖို့အတွက် စွန်းလွန်းရိပ်သာ၊ အင်းစိန် တွင်နေရာတစ်နေရာ တော့တွေ့ထားပြီ၊ အဲဒီကတပည့်တော်ဆီမှာအမ်အေအောင်ထားပြီး ဆရာလည်း လုပ်နေသည့် ဦးဇင်းတစ်ပါး၏ ငယ်ဆရာကျောင်းပါ၊အားရင်သွားရအောင်”ဟုပြောလာသည်။

စာရေးသူတို့ရောက်သွားသည့်အခါ ရိပ်သာတစ်ခုအတွက်ပြီးပြည့်စုံစေကာမူ တက္ကသိုလ်တစ်ခု တည်ထောင် ရန်မှာလာရောက်ပညာသင်ယူမည့်ကျောင်းသားအရေအတွက်များနိုင်သဖြင့်မိမိတို့ကိုယ်တိုင်ပင် အကြိုက်နည်း နေခဲ့သည်။ ထိုစဉ်ကံအားလျော်စွာမိမိ၏အတွေးထဲတွင်အတွေးတစ်ခုဝင်လာခဲ့၏။ ဆရာတော်အရှင်ပညာသီဟ အရှင်ပင်တည်း။သူသည်လည်းမြန်မာနိုင်ငံရှိဓမ္မာစရိယအဆင့်ရှိရဟန်းတော်များ၊သာမဏေများ၊သီလရှင်များနှင့် ဒါကကာ ဒါယိကာမအပေါင်းတို့အား နှစ်စဉ်နှစ်တိုင်း ဓမ္မာစရိယအဆင့်တွင်ပြဌာန်းထားသည့်စာပေများနှင့် ညဝါ ခေါ် အဘိဓမ္မာစာပေများကို ပို့ချနေသောဂုဏ်ထူးဝိသေသကြောင့် “ရွှေညဝါဆရာတော်”ဟုအမည်တွင်သည်။ ထိုဆရာတော်သည် စာရေးသူနှင့်ဇာတိအားဖြင့်တူညီသည်။ မိမိကိုဆရာတော်က မသိစေကာမူ မိမိက ငယ်ရွယ် သူဖြစ်သည့်အလျောက်ဆရာတော်အားသိခဲ့သည်။ ဤသည်မှာလမ်းကြောင်းရှာနေသူ မိမိတို့ဆရာတပည့်များ နှင့် ရွှေညဝါဆရာတော်တို့၏ပဌာန်းဆက်ဟုဆိုရပေလိမ့်မည်သာတည်း။ သို့နှင့်ဆရာကြီးအားအကျိုးအ ကြောင်း ပြောပြရာ ဆရာကြီးလည်းဝမ်းသာအားရဖြစ်လှသဖြင့် ဆရာတော်သီတင်းသုံးရာ ကြည့်မြင်တိုင်မြိုနယ် နတ်စဉ်လမ်း သာဓုကျောင်းတိုက်သို့ ရောက်ရှိခဲ့သည်။ ဆရာတော်၏ကျောင်းတိုက်ထဲသို့ရောက်သွားသည့်အခါ သံဃာတော်များအားညဝါသင်တန်းများအားပို့ချနေသည်ကို ကြည်ညိုဖွယ်ရာဖူးတွေ့ရပါသည်။ စာဝါတွေပြီး သောအခါဆရာတော်အား မိမိတို့လာရင်းကိစ္စတို့ကိုဆွေးနွေးလျှောက်ထားခဲ့ရာ ဆရာတော်၏ပင်ကိုယ်ကပင် သာသနာပြုစိတ်ဓာတ်နှင့် သာသနာတော်အပေါ်ထားရှိသည့်သဒ္ဓါတရား၊ အေးဆေးတည်ငြိမ်ပြီး လုပ်ငန်းကိစ္စ အဝဝကို တိကျသေချာစွာအကောင်အထည်ဖော်နိုင်ခြင်းစသောအရည်အသွေးများကိန်းအောင်းနေသည့် ဆရာ တော်အား အကဲခပ်မိခဲ့သည်။ ဆရာတော်ကလည်း ဆရာကြီး၏ သာသနာအပေါ်ထားရှိသည့် သဘော တရားများကိုကြားသိရသဖြင့် သဘောတူသာဓုခေါ်ကာ တက္ကသိုလ်ဖွင့်လစ်ရန် ဟူသည့်ကြီးမားသည့် တာဝန်ကြီးများကို ၁၃၅၆-(၂၀၀၄) ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့သည်။ ယခုဆိုလျှင်တက္ကသိုလ်၏ သက်တမ်းသည် ၇-နှစ်ရှိပြီဖြစ်ရာ ကျောင်းသားပေါင်း (၉၀၀) ကျော်ခဲ့ပါပြီ။ နှစ်စဉ် BA (Indo-Aryan)ဘွဲ့ရ ရဟန်းတော်များ၊သီလရှင်ဆရာလေးများနှင့်သာသနာပြုလူပုဂ္ဂိုလ်များလည်းပေါ်ထွက်လာပြီဖြစ်သဖြင့် ယခုအခါ ရန်ကုန်မြို့တွင် ထင်ရှားကျော်ကြားလာသည့် တက္ကသိုလ်ကျောင်းတော်ကြီးတစ်ခုဖြစ်ပေါ်လာပြီတည်း။ ဤတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏နိဒါန်းတစ်ခန်းရပ်တည်း။

“စိတ်ကောင်း-စာတတ်၊အကျင့်မြတ်၊ပြုလတ်သာသနာ”။

အရှင်ပဏ္ဍိတသိရီ
(ထေရဝါဒ)